#ရသ
ကလေးတစ်ဦး
သူရူးတစ်မည်
သဘင်သည်တစ်ယောက် ...
ဆိုသော စကားရှိသည်။ ကျွန်တော် နားလည်သလောက်တော့ ကလေးငယ်များ၊ သူရူးများနှင့် သဘင်သည်များသည် စကားသုံးခွန်းပြောလျှင် တစ်ခွန်းမှန်တက်သည်ဟု ဆိုခြင်း ဖြစ်သည်။ သဘင်သည်ဆိုသည်မှာ အနုပညာသည်များ၏ ကိုယ်စားပြု အမှတ်အသားဟုထင်သည်။
ထိုသူသုံးမျိုးသည် စကားတော့ အများကြီး ပြောတက်သော သဘာဝရှိသည်။ ထို့ကြောင့် သုံးခွန်းတစ်ခွန်းဟု ဆိုသလားမသိ။ ဤတွင်စဉ်းစားစရာရှိလာသည်။ ထိုသုံးဦး၏စကားသည် သုံးခွန်းမှာ တစ်ခွန်းမှန်သည်ဟု ဆိုသောကြောင့် ကျန်နှစ်ခွန်းကတော့ မှားသည်ဟု ပြောရာရောက်နေကြသည်။
သူတို့စကားဆိုလျှင် သုံးခွက်တစ်ခွက်တင်ကျိုပြီး သုံးနဲ့စားပြီးမှယုံ။ တိတိကျကျပြောလျှင် သူတို့စကားသည် သုံးဆယ့်သုံးဒသမ သုံးသုံး ရာခိုင်နှုန်းသာ မှန်သည်ဟု ဆိုရမလို ဖြစ်နေ၏။
သို့ရာတွင် ဘယ်အရာမဆို နှိုင်းယှည်မှုပြုလိုက်လျှင် တန်ဖိုးပြောင်းလဲသွားတက်စမြဲ ဖြစ်သည်။ ထမင်းလုံးတစ်စေ့သည် လူတစ်ယောက်အဖို့ ဘာမျှမဟုတ်လောက်သော်လည်း ပုရွက်ဆိတ်တစ်ကောင်အတွက်ဆိုလျှင် ရက်ပေါင်း အတော်ကြာအောင် အစာအဖြစ် ဖူလုံနိုင်လေသည်။
ထိုကဲ့သို့ပင် စကားဆယ်ခွန်းမှာမှ တစ်ခွန်းမှန်ခြင်းနှင့်စာလျှင် သုံးခွန်းတစ်ခွန်းမှန်ခြင်းက ဂုဏ်ယူဖွယ်ပင် ဖြစ်၏။
တကယ်တော့လည်း လောကတွင် တန်ဖိုးရှိသော မှန်ကန်သောအရာတို့သည် အနည်းစုသာဖြစ်တက်သည် မဟုတ်လား။
*
ကျွန်တော်ပြောလိုသည်မှာ အရူးတစ်ယောက်အကြောင်းမဟုတ်ချေ။ သဘင်သည်တစ်ယောက်အကြောင်းလည်း မဟုတ်ပါ။ ကလေးအကြောင်းသာ ဖြစ်ပါသည်။ ကလေးတစ်ဦး၏ စကားသာ ဖြစ်ပါသည်။
ကလေးများသည် စကားတွေအများကြီး ပြောကြသည်။ အမျိုးစုံအောင် ပြောကြသည်။
သူတို့စကားများသည် အဓိပ္ပါယ်မရှိချင်သာနေမည်။ အပြစ်ကင်းစင်တာတော့ အမှန်ပဲဟု ထင်သည်။ သူတို့၏ စကားသုံးခွန်းသည် တစ်ခွန်းကမှန်သည်ဆိုလျှင် ကျန်နှစ်ခွန်းသည် မမှန်သော်လည်း အမှားမဟုတ်။ အဓိပ္ပါယ်လွဲချော်နေခြင်းသာ ဖြစ်လိမ့်မည်။ လူကြီးတွေအဖို့ သူတို့စကားကို ဉာဏ်မမီနိုင်ခြင်းသာ ဖြစ်လိမ့်မည်။ အကယ်၍ ကလေးတစ်ယောက် မှားသည်ဆိုလျှင် သူမှားခြင်းမဟုတ်။ လူကြီးတစ်ယောက်၏ အမှားတစ်ခုခုကို အတုယူမိခြင်းသာ ဖြစ်လိမ့်မည်။ အတုယူခြင်းသည် ကလေးတစ်ယောက်အဖို့တော့ အမှန်တရား ဖြစ်သည်။
ကလေးငယ်တစ်ဦးအတွက် နောက်ဆုံးမှ သင်ကြားတက်မြောက်သောအရာသည် လိမ်လည်ခြင်းပင် ဖြစ်၏။
ကျွန်တော့်သမီးကြီးသည် သုံးနှစ်ခွဲအရွယ် ဖြစ်သည်။ သောကြာသမီးဖြစ်၍ စကားအလွန်များသည်။ အမေးအမြန်းလည်း ထူသည်။ တစ်ခါတစ်ခါ သူမေးသော မေးခွန်းကြောင့် ဦးနှောက်ခြောက်ရ၏။
"ဖေဖေ့မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ရှိတယ်။ မေမေ့မှာတော့ ဘာဖြစ်လို့မရှိတာလဲ"
ဆိုတာမျိုး။ ကျွန်တော် ဆေးလိပ်သောက်တာကိုကြည့်ပြီး " ဖေဖေက ဘာဖြစ်လို့ မီးခိုးတွေကို စားနေရတာလဲ"
ဆိုသော မေးခွန်းမျိုး။ သူ့မေးခွန်းများသည် အဖြေရခက်သော်လည်း စဉ်းစားစရာ အတွေးစကလေးတွေ ဖြစ်လာတာတော့ အမှန်ပင်။
*
ယောက္ခမများအိမ်သို့ တစ်ပတ်တစ်ခါ သွားလည်တက်သည်။ အိမ်ချင်း သိပ်ဝေးလှသည် မဟုတ်သဖြင့် ကားကျပ်သည့်အခါ ဆိုက်ကားဖြင့် သွားကြသည်။
သမီးက ဆိုက်ကားစီးရတာကို အလွန်သဘောကျသည်။ ဘတ်စကားတွေ အမြန်ကားတွေလို လှောင်ပိတ်ပူအိုက်ခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။
ဆိုက်ကားစီးရင်း လမ်းဘေးကိုကြည့်၍ ဟိုဟာကဘာလဲ၊ ဒီဟာကဘာဖြစ်တာလဲ စသည်ဖြင့် စူးစမ်းမေးမြန်းလို့ရသောကြောင့်လည်း ဖြစ်သည်။ ထိုအခါ ...
"ထီပေါက်ရင် ဆိုက်ကားဝယ်ပေးနော်ဖေဖေ" ဟု ပူဆာလေတော့သည်။
တစ်ရက်တွင် ဘတ်စကားတွေနည်းနည်းချောင်နေသည်။ သမီးကတော့ ဆိုက်ကားနဲ့ပဲ သွားချင်နေသည်။ ကျွန်တော်က ...
"ဆိုက်ကားတွေ သွားလို့မရဘူး သမီးရဲ့။ လမ်းဆိုးလို့"
"လမ်းဆိုးတယ်ဆိုတာ ဘာလဲ"
ဟု မေးသည်။ ကျွန်တော်က ချိုင့်တွေဖြစ်နေသော လမ်းကို ပြသည်။ သူဘာမျှမပြောတော့။
နောက်တစ်ပတ်ကျတော့ လမ်းပေါ်က ချိုင့်ကျင်းတွေ ဖာပြီးသွားသည်။ သမီးက မြင်သွားပြီး ...
"ဒီနေ့တော့ ဆိုက်ကားနဲ့ပဲသွားမယ်နော်၊ လမ်းကမဆိုးတော့ဘူး။ လိမ္မာသွားပြီ" ဟုပြောသည်။ ကဗျာဝါသနာပါသော ကျွန်တော် ဖျတ်ခနဲအတွေးပေါက်သွားသည်။ "လိမ္မာသောလမ်း" ။
အလွန်ကောင်းသော စကားလုံးကလေးတစ်ခု။ သက်ရှိတို့၏ ဂုဏ်ရည်ကို သက်မဲ့တွင် တင်စားခြင်း သမာဓိဂုဏ် ။
*
သူ့အမေနှင့် ကျွန်တော် မင်္ဂလာဆောင်တုန်းက ဓါတ်ပုံတွေ ပြန်ကြည့်နေတုန်း သူရောက်လာသည်။ ဒါက ဖေဖေ့ပုံ၊ ဒါက ဘွားဘွား၊ ဒါက ဘဘ စသည်ဖြင့် ပြောရင်း ...
"သမီးပုံတော့မပါဘူး" ဟု ဆိုသည်။ ကျွန်တော်ပြုံးမိသည်။
"ဘယ်ပါမလဲ သမီးရဲ့။ အဲဒီတုန်းက သမီးမှမမွေးသေးဘဲ"
သူ မကျေနပ်၊ သူ့အစ်ကို၊ အစ်မဝမ်းကွဲတွေပုံကို လက်နှင့်ထောက်ပြီး ...
"ကိုကိုတို့၊ မမတို့တောင် ပါသေးတယ်။ သူတို့မွေးပြီးပြီဆိုရင် သမီးလည်း မွေးရမှာပေါ့"
ကျွန်တော် ဘယ်လိုပြန်ရှင်းပြရမှန်းမသိ။
တစ်ခါတော့ ပန်းအိုးထဲကျနေသော ပဲကြီးစေ့တစ်စေ့က အညှောက်ထွက်ပြီး အပင်ပေါက်လာသည်ကို သူတွေ့သည်။ ကျွန်တော့်ကိုမေးသည်။ ကျွန်တော်က ပဲကြီးစေ့ အပင်ပေါက်လာပြီးနောက် ပဲသီးတွေသီးမည်။ ခူးပြီး ဟင်းချက်စားလို့ရမည်ဟု ပြောသည်။
နောက် နှစ်ရက်သုံးရက်အကြာတွင် ကျွန်တော့်ကိုခေါ်ပြီး ပန်းအိုးထဲသို့ပြသည်။ ဘယ်ကရမှန်းမသိသော ဆယ်ပြားစေ့တစ်စေ့ကို မြေကြီးထဲ တစ်ဝက်လောက် မြှုပ်ထားသည်။
"သမီး ပိုက်ဆံပင်စိုက်ထားတယ်။ ဖေဖေကြည့်နေ၊ နောက် အပင်ကလေးပေါက်ပြီး ပိုက်ဆံသီးတွေ သီးလာရင် ခူးပြီး ဆိုက်ကားဝယ်မယ်"
ဟု ပြောသည်။ ပိုက်ဆံက အပင်မပေါက်နိုင်ကြောင်း ကျွန်တော် မပြောတော့။ နောက် သူ့ဘာသာသိလာတော့မှ ရှင်းပြတော့မည်။ သူဘာဆက်လုပ်မလဲဟု စောင့်ကြည့်နေလိုက်သည်။ သမီးသည် မနက်တိုင်း ဆယ်ပြားစေ့ကို ရေလောင်းပေးသည်။ အရိပ်တကြည့်ကြည့်နှင့် နေလိုက်သည်။ သူဘယ်လောက် မျှော်လင့်နေမလဲမသိ။ ကျွန်တော်ပင်လျှင် ပိုက်ဆံပင်သာစိုက်လို့ရရင် ကောင်းမှာပဲဟု သိသိကြီးနှင့် စိတ်ကူးယဉ်မိပါသေးသည်။
*
သူ့အမေက ရောင်စုံအရုပ်ကလေးတွေပါသော စာအုပ်တွေ ၀ယ်လာတက်သည်။ အထဲကပုံတွေကိုပြပြီး မေးသည်။ သမီးသည် သူ့ပတ်ဝန်းကျင်မှာ မြင်ဖူးသော အရာများဆိုလျှင် မှန်အောင်ပြောသည်။ မသိတာဆိုလျှင် မေးပြီး မှတ်ထားသည်။
"ဒါကဘာလဲ သမီး"
"ခွေး"
"ဒါကကော"
"ရေခွက်"
သူ့အမေက လယ်ထွန်စက်ပုံကို လက်ညှိုးနှင့်ထောက်ပြီး ...
"ဒါကကော"
"အမှိုက်သိမ်းတဲ့ကား"
"လယ်ထွန်စက်ပါ သမီးရဲ့"
"အမှိုက်သိမ်းတဲ့ကားပါ။ လမ်းထိပ်မှာ အမှိုက်တွေလာသိမ်းတာ ဒါမျိုးပဲ။ သမီးမြင်ဖူးတယ်"
သူလယ်ထွန်တာကို မမြင်ဘူးသေး။ လယ်ထွန်စက်ကို နောက်တွဲတပ်ပြီး အမှိုက်သိမ်းတာတော့ မြင်ဖူးသည်။ သူ့အမေက ရယ်၍ ...
"အေး ... အေး၊ သမီးပြောတာ မှန်တယ်"
*
ကျွန်တော်တို့ငယ်ငယ်က မီးပျက်လျှင် အလွန်ကြောက်သည်။ မှောင်ကြီးမည်းကြီးထဲမှာ မနေရဲ။ မေမေရေ လာခေါ်ပါဟု အော်တက်သည်။ တစ်ခါတစ်ရံ ညီအစ်ကိုတစ်စု တချောင်ချောင်မှာ ပူးကပ်တိုးဝှေ့ထိုင်ရင်း ငြိမ်ကုပ်နေတက်သည်။ သရဲများ ခြေထောက်လာဆွဲမလား၊ ပသျှူးခေါင်းဖြတ်ဆိုတာများ လာမလားဟု စကားတောင်မှ ဟဟ မပြောဝံ့ချေ။ သမီးကျတော့ ဒီလိုမဟုတ်။ ရုတ်တရတ် မီးပျက်သွားလျှင် ...
"ဟော မီးပျက်သွားပြီ၊ ဖယောင်းတိုင်ထွန်းလိုက် မေမေ"
ဟု ခပ်အေးအေးပင် ပြော၏။
တစ်နေ့ မီးပျက်နေသဖြင့် သမီးနှင့်ကျွန်တော် ပြတင်းပေါက်နားမှာထိုင်ရင်း အပြင်ကို ကြည့်နေကြသည်။
"ဖေဖေ ဟိုမှာ ဖိုးလမင်းကြီး"
"အေး ဟုတ်တယ်၊ ဟိုမှာ ကြယ်ကလေးတွေကောတွေ့လား"
"ကြယ်ဆိုတာ ဘာလဲဟင်"
"ကြယ်ဆိုတာ သိကြားမင်းကြီးနေတဲ့နေရာမှာ ထွန်းထားတဲ့မီးလုံးလေးတွေပေါ့ သမီးရဲ့"
သမီးသည် ကြယ်ကလေးတွေကိုကြည့်ရင် ...
"သူတို့ဆီမှာတော့ မီးမပျက်ဘူးနော်" ဟုပြောသည်။
*
ကလေးကို ရိုက်နှက်ခြင်းနှင့်ပတ်သတ်၍ ပညာရှင်တို့ အဆိုအမိန့်ကို ဖတ်ဖူးမှတ်ဖူးသည်။ ကလေးကို ရိုက်ခြင်း၏ ရည်ရွယ်ချက်မှာ လိမ္မာလိုစေလိုခြင်းကြောင့်သာ ဖြစ်သော်လည်း ထိုရည်ရွယ်ချက်မှာ တစ်စိတ်တစ်ပိုင်းသာ ပါ၀င်သည်ဟု ဆိုသည်။
လူတို့တွင် တစ်ဖက်သားကို နှိပ်စက်လိုသော၊ အနိုင်ယူလိုသော စိတ်ရိုင်းတစ်မျိုး ဖြစ်နေတက်သည်။ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတအောင် ကလေးကိုရက်ရက်စက်စက် ရိုက်နှက်တက်သော မိဘမျိုးတွင်း ထိုစိတ်ရိုင်းမျိုးဝင်နေသောကြောင့် ဖြစ်သည်။
ထိုစိတ်ရိုင်း၏ဆန္ဒ ပြည့်ဝအောင် ပြုလုပ်လိုက်ခြင်းက တစ်စိတ်တစ်ပိုင်းပါနေသည်ဟု မှတ်ဖူးသည်။ လူတို့မှာ ကြောက်စရာတွေများလှသည်။ နေ့စဉ်ဘဝကိုပဲကြည့်။ အလုပ်ထဲမှာ ကိုယ့်အလုပ်ရှင်ကို၊ အထက်လူကြီးကို ကြောက်ရသည်။
စျေးဝယ်တော့ အရောင်းစျေးသည်ကို ကြောက်ရသည်။ ဘတ်စကားပေါ်ကျတော့ စပယ်ယာကိုကြောက်ရသည်။ ကိုယ့်ကိုကြောက်ရမည့်သူ၊ ကိုယ်ကနိုင်ရမည့်သူကို ရှာသောအခါ ကလေးကို သွားတွေ့သည်။
ကလေးကိုရိုက်သောအခါ ကြောက်ပါပြီဟု အော်သောအသံကို အရသာတွေ့လာသည်။ ဤသို့ဖြင့် ထိုအသံ နားထောင်နိုင်ရန် ကလေးကို ခဏခဏရိုက်တက်လာသည်။
ပြီးတော့ ရှိသေးသည်။ ကလေးကို ရက်ရက်စက်စက်လည်း ရိုက်သေးသည်။ ကလေးက နာလို့ အော်ငိုပြန်တော့လည်း "တိတ်စမ်း ၊ အသံတစ်စက်မှ မထွက်နဲ့" လို့လည်း ပြောသေးသည်။ တရားမျှတမှုမရှိဟု ကျွန်တော်ထင်သည်။
ကျွန်တော်သည် သမီးကိုရိုက်လေ့မရှိပါ။ နားလည်အောင် ရှင်းပြသည်။ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးသည်။ ကလေးသည် အရိုက်ခံရခြင်းထက် ဒဏ်ပေးခံရခြင်းကို ပို၍ကြောက်တက်သည်ဟု ထင်၏။
တစ်ရက်တွင် စားပွဲမှာထိုင်ပြီး စာရေးဖို့ ကြိုးစားနေသည်။ ရေးစရာပေးစရာတွေက အများကြီး။ ကောင်းကောင်းနေမကောင်းသဖြင့် စိတ်ကမရွှင်၊ စိတ်ကူးဉာဏ်မထွက်ဘဲ ဖြစ်နေသည်။
၀ါကျတစ်ကြောင်းရဖို့ ခေါင်းခြောက်လောက်အောင် စဉ်းစားရသည်။ ဆေးလိပ်သောက်မည်ဆိုပြီး မီးခြစ်ရှာတော့ မတွေ့။ ခုန သမီးအနားလာတာ သတိရသဖြင့် ...
"သမီး မီးခြစ်ယူသလား"
သမီးက ပြေးလာပြီး ...
"ယူတယ် ဖေဖေ၊ သမီးဝှက်ထားတယ်"
"ဘာဖြစ်လို့ဝှက်ထားတာလဲ၊ သွားယူခဲ့"
"သကြားလုံးတစ်လုံးပေးမှ သွားယူပေးမယ်"
ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ အကျပ်ကိုင်ပြီး အခွင့်အရေးတောင်းသည့် အကျင့်ကို သူက ဘယ်က အတုခိုးမိသလဲ။ ထိုအကျင့်ဆိုးမျိုးကို ကျွန်တော်မကြိုက်။ စွဲသွားလျှင် သူကြီးလာတော့ ...
"ဒီမှာသမီး၊ သေသေချာချာနားထောင်၊ သကြားလုံးစားချင်ရင် ရိုးရိုးတောင်၊ အဲဒီလိုလုပ်တာ ဖေဖေမကြိုက်ဘူး။ သွား ... မီးခြစ်သွားယူ"
"သကြားလုံးပေးလေ"
"မပေးဘူး"
"မပေးရင် ဖေဖေ့မီးခြစ်လည်း မပေးဘူး"
ကျွန်တော် စိတ်တိုလက်စနှင့် သူ့တင်ပါးကို လက်ဝါးနှင့် ဖြန်းခနဲ တစ်ချက်ရိုက်လိုက်သည်။ သူသည် အရိုက်မခံဘူးသဖြင့် ရုတ်တရတ်အံ့သြသွားသည်။ ပြီးမှ ၀ါးခနဲအော်ငိုလိုက်၏။ တော်တော်ကြာအောင် ကျွန်တော့်နားမကပ်ဘဲနေသည်။ ပြီးမှ မီးခြစ်ကို သူဝှက်ထားရာမှ ထုတ်ယူပြီး လာပေးသည်။ ထို့နောက် ကျွန်တော့်ပေါင်ပေါ် လက်ထောက်၍မှီပြီး သမီး သကြားလုံး စားချင်တယ် ဖေဖေဟု ပြောသည်။
ညနေ သူ့အမေ ရုံးက ပြန်လာသောအခါ ...
"သမီး၊ ဒီနေ့ အရိုက်ခံရတယ် မေမေ"
ဟု ပြောသည်။ သူ့လေသံမှာ တိုင်တန်းပုံမျိုးမဟုတ်၊ ဂုဏ်ယူသည့် လေသံ။ သမီးသည် တခြားကလေးတွေ အရိုက်ခံရတာကို ကျိတ်၍ အားကျနေသလား။ အရိုက်ခံရခြင်းသည် ကလေးတို့ရသင့်သော အခွင့်အရေးဟု ထင်နေသလား ကျွန်တော် အံ့သြရသည်။
*
သမီးနှင့် သူ့အမေ အချီအချပြောနေကြသည်။
"သမီး နို့ဆီစားချင်တယ် မေမေ"
"သမီး ခုနက ရှောက်သီးဆေးပြားစားထားတယ်၊ မဟုတ်လား။ အချဉ်နဲ့ နို့ဆီနဲ့ မတည့်ဘူး"
"မတည့်ရင် ဘာဖြစ်သလဲ"
"သေတက်တယ်"
"သေလားမသေလား စားကြည့်ချင်တယ် မေမေ"
"အံမယ်၊ သေမယ်ဆိုတာ စမ်းကြည့်လို့ရတာမျိုး မဟုတ်ဘူးဟဲ့"
"သေတယ်ဆိုတာ ဘာလဲဟင်"
သူ့အမေ ခေါင်းကုတ်သည်။
"သေတယ်ဆိုတာ ဟိုအမေကြီး ဒေါ်အုံး ဖြစ်သလိုမျိုးပေါ့"
"သြော် ... သေတ္တာအကြီးကြီးထဲ ၀င်အိပ်ရတာလေ"
"အင်း ဟုတ်တယ်"
"ပြီးတော့ ကားဖြူဖြူကြီးလည်း စီးရတယ်လေ ဇိမ်ပဲ"
"ဟဲ့ ... ဇိမ်မဟုတ်ဘူး"
"မေမေပဲပြောတယ်၊ အမေကြီး ဒေါ်အုံးက ဟိုမိုးပေါ် ရောက်သွားတာဆို၊ အဲဒါဆိုရင် ဇိမ်ပဲပေါ့"
သူ့အမေ မျက်လုံးပြူးလေပြီ။ ဘာပြောရမှန်းမသိ။ လူတို့သည် သေရမှာကို အလွန်ကြောက်ကြသည်။ မသေအောင် အမျိုးမျိုး ကြိုးစားရုန်းကန်ကြသည်။ ထို့ကြောင့် သေခြင်းတရားကို မကြောက်မရွံ့ဘဲ ရင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်ကြပြန်သည်။ ကြိုးစားရင်းကပင် ကြောက်နေကြပြန်သည်။
ကလေးကတော့ သေရမှာကို မကြောက် ဇိမ်ပဲဟု ဆိုသည်။ သေခြင်းတရားကို မကြောက်မရွံ့ခြင်းသည် စိတ်ငြိမ်းချမ်းမှုပဲ မဟုတ်လား။ သူရရှိေနေသည့် ငြိမ်းချမ်းမှုကို ဘယ်လိုလုပ်ကြမလဲ။
မတက်နိုင်ပါ။ လောလောဆယ်မှာတော့ သေခြင်းကို ကြောက်လန့်အောင် မလွှဲမရှောင်သာဘဲ ခြောက်ရလှန့်ရပေဦးတော့မည်။ ထို့ကြောင့် ကျွန်တော် ၀င်၍ပြောသည်။
"သေတယ်ဆိုတာ မကောင်းဘူး သမီးရဲ့၊ သေတယ်ဆိုတာလေ ဟိုဟာဖြစ်တာပေါ့၊ ဟိုဟာလေ ဘာလဲဆိုတော့"
မင်းလူ
--------------
(သဘင် မဂ္ဂဇင်း၊
စက်တင်ဘာ ၊ ၁၉၈၇)
No comments:
Post a Comment