ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ခေတ်က...တစ်နေ့မှာ..ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘောကပ္ပတိန်က သင်္ဘောသားလူငယ်တစ်ဦးကို ရွက်တိုင်မကြီးပေါ်တက်ပြီး (ဖြုတ်ပစ်မှဖြစ်တော့မယ့်) ရွက်ကြိုးတစ်ခုကို ဖြုတ်ခိုင်းတယ်။ လေကသိပ်ထန်နေပေမယ့် သင်္ဘောသားလူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီးပေါ်တက်သွားပြီးရွက်ကြိုးကိုဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံကြည့်လိုက်တော့...
သင်္ဘောတစ်ခုလုံးဟာ ဒေါသထန်နေတဲ့လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရ လူးလိမ့်နေတာ မြင်ရတယ်။ ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ၊ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက်မေ့မြောသလိုဖြစ်သွားတယ်။ ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က သူငယ်ချင်းဆီကို လှမ်းပြီး " ဟေ့..ငါတော့ လိမ့်ကျတော့မယ်၊ လုပ်ပါဦး" လို့ အော်ပြောတယ်။
ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့သူငယ်ချင်းက "အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံကြည့်မနေနဲ့၊ အပေါ်ကိုပဲကြည့်" လို့ တအားကုန်လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်း သတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုကြည့်ဖို့ မျက်နှာမူထားတယ်။ ဒီအခါမှာ အောက်က မူးဝေထိတ်လန့်စရာ မြင်ကွင်းတွေ မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊ စိတ်ငြိမ်လာတယ်၊ အားမာန်တွေသတ္တိတွေ လည်း ပြန်ဝင်လာတယ်။
ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိ ဝီရိယထားဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။
ဒီလိုပါပဲ၊ ကျွန်တော်တို့ဘဝမှာ အဆင်မပြေနိုင်တာတွေ၊ ကျရှုံးတာတွေ၊ မျှော်လင့်သလိုဖြစ်မလာတာတွေကို တွေ့မြင်ဆုံဆည်းနေရတဲ့ အခါမှာ ရှေ့ဆက်ပြီးကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်။ အားမာန်သတ္တိတွေ လျော့ကျသွားတတ်ပါတယ်။
"ငါတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ ကျပါပြီ၊ ရှုံးပါပြီ၊ ဒီဘဝဒီမျှနဲ့ပဲ ပြီးပါပြီ" ဆိုတဲ့ အားလျှော့မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအားလျှော့စရာတွေကိုပဲ ပြန်ကြည့်နေ...ငုံကြည့်နေရင်တော့ ပိုပိုပြီး အားလျော့မိ၊ စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။
ဒီတော့ ဘယ်လိုအဆင်မပြေတာတွေနဲ့ပဲ ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန်ငုံကြည့်မနေဘဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုပဲ မော်ကြည့်ပြီး ...ပြောချင်တာကတော့ အပေါ်ကိုပဲကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်သွားကြဖို့ပဲ။
နန္ဒာသိန်းဇံ
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်မှ
No comments:
Post a Comment